Sunday, April 25, 2010

Aunt Maung article ( from mmtimes.com

ဘယ်တော့ဖြစ်ဖြစ် စာသင်နေသူ
အံ့မောင်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)


CTO was born a teacher and dies a teacher.

ကျွန်တော့်သူငယ်ချင်း CTO ခေါ် ဆရာချစ်သိန်းဦးနှင့်ပတ်သက်လျှင် အထက်ပါ စာကြောင်းကလေးကိုသာ ကျွန်တော့် ခေါင်းထဲမှာ စွဲလမ်း နေပါသည်။

သူသည် သတင်းစာဆရာအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့သည် မှန်သော်လည်း သူအစွဲလမ်းဆုံးအလုပ်မှာ စာသင်ခြင်းသာ ဖြစ်လေ သည်။

မြန်မာတိုင်း(မ်) ဂျာနယ်တိုက်တွင် ဂျာနယ်ဆိုင်ရာ အခြားအလုပ်များကို မလစ်မဟင်းလုပ်သော် လည်း သူအမြတ်နိုးဆုံးမှာ ဂျာနယ်ဆရာလူငယ် လုံမငယ်များကို စာသင်ပေးရ ခြင်းဖြစ်သည်။

သူသည် အောက်ဆီဂျင်ကို ပိုက်နှင့်ရှူနေရအောင် ကျန်းမာရေး ချို့တဲ့နေ သော်လည်း တစ်နေ့တစ်ရက်မျှလောက်ပင် စာသင်ပျက်မခံတတ်ချေ။

ယခု သူကွယ်လွန်ပြီဆိုသော်လည်း သူသည် CTO ပေါင်းများစွာကို မွေးဖွားခဲ့ပြီးလေပြီ။ CTO မသေ။

CTO၏ ပညာချစ်စိတ်မသေ။

CTO ၏ အမှန်ချစ်စိတ် မသေ။

CTO ၏ passive courage မသေ။


မြန်မာတိုင်း(မ်) သတင်းစာပညာသင်တန်း အပတ်စဉ် (၈) မှ ဆရာ CTO ၊ နိုင်ငံခြားသား သင်တန်းဆရာနှင့် သင်တန်းသားများ။

မြန်မာတိုင်း(မ်) သတင်းစာပညာသင်တန်း အမှတ်စဉ် (၉)မှ ဆရာ CTO နှင့်အတူတွေ့ရသည့် မြန်မာတိုင်း(မ်) စာတည်းမှူးချုပ် ရော့စ်ဒန်ကလီ၊ စာတည်းဂျက်ဖရီဂေါ့ဒတ်နှင့် သင်တန်းသားများ။

အမ်စီအမ် ဘာသာပြန်သင်တန်း အမှတ်စဉ်(၂)မှဆရာ CTO နှင့် အတူ တွေ့ရသည့် သင်တန်းသားများ။

ကျွန်တော်နှင့် CTOက ဂျပန်ခေတ်တွင် စ၍သိသည်ဟု ပြောရမည်။

အမှန်အားဖြင့် ကျွန်တော်က သူ့ကိုသိခြင်းဖြစ်၍ သူက ကျွန်တော့်ကို သိခြင်းမဟုတ်သေးပါ။

ထိုအချိန်က သူသည် လူပျိုပေါက်အရွယ်သို့ ရောက်ပြီး ကျွန်တော်က ကလေးဘ၀သာ ရှိသေး၏။

၁၉၄၂ တွင် ဂျပန်များ မုံရွာသို့ ၀င်ချိန်တွင် မုံရွာမြို့သူမြို့သား များစွာသည် ကျွန်တော်တို့ လယ်ဇင်ရွာသို့ စစ်ပြေးလာကြ၏။

CTO ၏ မိခင် ဒေါ်ကြည်မှာ သားဖွားဆရာမကြီးဖြစ်၍ ချက်ချင်း တစ်ရွာလုံးသိသွားကြပါသည်။

"တက်တူရေ၊ ဟေ့ တက်တူ"ဟု ဆရာမကြီးက သားကို အော်ခေါ် သည့်အသံ အား ရွာကကြားကြသဖြင့် ဆရာမကြီး၏သားကို 'တက်တူ' ဟု ရွာက လူများက လည်းခေါ်သွားတတ်ကြလေသည်။

အမှန်မှာ ဆရာ CTO တို့ မိသားစုမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်၍ ခရစ်ယာန်သူတော်စင်ကြီး Titus (တိတု) အမည်ကို ယူ၍ မှည့်ထားသော ခရစ်ယာန်အမည်ဖြစ်သည်။

Titus ကို တိုက်တတ်စ် အသံ ထွက်ရာမှ ကိုရွှေမြန်မာတို့က 'တက်တူ'ဟု ကြားကြခြင်းဖြစ်သည်။

၁၉၄၅ တွင် မုံရွာမြို့၌ အင်္ဂလိပ် စစ်တပ်က British Military Administration -BMA School ကို ဖွင့်ပေးသောအခါ ကျွန်တော်သည် ပဉ္စမတန်းမှာ တက်ရ၏။

ထိုပဉ္စမတန်းတွင် ကိုတက်တူမှာ ကျွန်တော့အရင်ရောက်နေပြီ။

သို့သော် သူ့နာမည်မှာ ကိုချစ်သိန်း။

ခြောက်တန်းတွင် ကျွန်တော်တို့ မြေစိုက် ထရံကာကျောင်း၌ အတူသင်ကြသည်။ ၁၉၄၆ တွင် လွတ်လပ်ရေး လှုပ်ရှားမှုလှိုင်းကြီးများ ကြွနေ၍ ကိုချစ်သိန်းက ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် ပါဝင်ထမ်းရွက်သည်။

ကျွန်တော်က ကျောင်းသားတပ်ဦး။ ယူနီဖောင်းတွေနှင့် စစ်သင်တန်းဆင်းကြရသည်။ လွတ်လပ်ရေး ချက်ချင်းပေးဟု လက်သီးလက်မောင်းတန်း ကြသည်။

ကျောင်းတွင်း နံရံကပ်သတင်းစာများ ထုတ်ကြသည်။ လက်ရေးစာစောင်များ ထုတ်ကြသည်။ ၁၉၄၉ တွင် ကျောင်းသားဂျာနယ် ထုတ်သည်။ နိုင်ငံရေးကိစ္စများကို နိုင်ငံရေး ပါတီကြီးများထက် ကျယ်ပြန့်သော အမြင်နှင့် ကျွန်တော်တို့ ရေးကြသည်။

CTO ရော၊ ကျွန်တော်ရော၊ ကျောင်းသားအရေးနှင့်ဆက်၍ ကတ္တရာ ကျောက်လမ်းများ ပေါ်မှနေ၍ လမ်းမရှိသော နေရာများသို့ ရောက်သွားကြသည်။ ဘယ်ကိုပဲရောက်ရောက် ကျွန်တော်တို့က ကိုယ့်ဦးနှောက်ကို ကိုယ်သုံးကြသည်။ ပင်မရေစီးနှင့်လည်း အတူ ကူးခတ်လိုက်ပါကြသည်။

၁၉၄၉ တွင် ကျွန်တော်က တက္ကသိုလ် ၀င်တန်းအောင်၍ မန္တလေးတက္ကသိုလ်သို့ တက်သည်။ ကိုချစ်သိန်းက နောက်တစ်နှစ်မှာ အောင်သည်။ သူက မုံရွာစာတိုက်တွင် စာရေး ၀င်လုပ်သည်။ စာရေးလုပ်ရေရင်း မုံရွာရှိ 'နီသောသူများ'နှင့် ပေါင်းမိ၍ မုံရွာထောင်မှာ တစ်နှစ်ကျော် နှစ်နှစ်သွား၍အနားယူရသည်။

၁၉၅၃၊ သူရန်ကုန်တက္ကသိုလ်သို့ရောက်သောအခါ ကျွန်တော်က မြန်မာစာဆရာ အဖြစ် သူ့အတန်း၏ဆရာ။

ထို့နောက် ကျွန်တော်လည်း အင်းစိန်၌ အနားယူရသည်။

တက္ကသိုလ်တွင်သူသည်တပ်ဦးကျောင်းသား ရှေ့တန်းသို့ ရောက်လာပြီး တကသ အမှုဆောင်လည်းဖြစ်သည်။ တပ်ဦးတာဝန်လည်း ထမ်းဆောင်သည်။

တကသရွေးကောက်ပွဲတွင် သူက အင်္ဂလိပ်လိုဟောပြောသည်။

ဘွဲ့ရသည့်အချိန်တွင် သူ့ကို အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်းကခေါ်ယူ၍ နည်းပြဆရာ ခန့်လိုက်သည်။

နည်းပြဆရာအဖြစ် မကွေးသို့ သွားရရာ သူကိုင်သောအတန်းမှကျောင်းသား တစ်ယောက်မှာ ကိုအောင်သင်းဖြစ်နေသည်။

သူ့အဖေဦးတင်ဦးအမည်ကိုယူ၍ ချစ်သိန်းမှ ချစ်သိန်းဦးဖြစ်လာခဲ့သော ကျွန်တော့ သူငယ်ချင်းသည် ကျွန်တော်နှင့် အတူနေ၊ အတူ ကျောင်းဆရာလုပ်ရာမှ ယခုအချိန်တွင် တပည့်သစ်များရှိရာသို့ ထွက်ခွာသွားပြီ။

No comments:

Post a Comment