သတင်းစာဆရာကြီး ဦးချစ်သိန်းဦး
ဆရာဦးချစ်သိန်းဦး (CTO) သည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် The Guardian Daily သတင်းစာတွင် အယ်ဒီတာအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။
The Working People's Daily သတင်းစာတွင် ဒုတိယအယ်ဒီတာချုပ် အဖြစ် ရာထူး တိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုအလုပ်မှ ၁၉၉၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် အငြိမ်းစားယူခဲ့သည်။
ဆရာဦးချစ်သိန်းဦးသည် စိန်ဂျွန်းအထက်တန်းကျောင်း (ယခု လမ်းမတော် အထက-၁)တွင်လည်း အင်္ဂလိပ်စာဆရာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး အင်္ဂလိပ်ကျူရှင်ဆရာအဖြစ်လည်း နှစ်ပေါင်း မြောက်မြားစွာ တပည့် တပန်းများကို သင်ကြားပို့ချပေးခဲ့သည်။
ဆရာဦးချစ်သိန်းဦးသည် မြန်မာ ကွန်ဆိုလီဒိတ်တက်မီဒီယာလီမိတက် (MCM) မှ ထုတ်ဝေသည့် The Myanmar Times အပတ်စဉ်စာစောင် တွင် ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာတိုင်း(မ်)တွင် သတင်းထောက်သင်တန်း၊ ဘာသာပြန်သင်တန်း များ၌ လူငယ်များကို အင်္ဂလိပ်စာနှင့် သတင်းအတတ်ပညာများကို သင်ကြားပေးခဲ့သည့် အပြင်မြန်မာတိုင်း(မ်) အတိုင်ပင်ခံ အယ်ဒီတာ အဖြစ်လည်း ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
CTO အပြင် 'နေဒွန်း'ကလောင်အမည်နှင့် အင်္ဂလိပ်၊ မြန်မာဆောင်းပါးများစွာ ရေးခဲ့သည်။ CTO ၏ English for Self-Study စာအုပ် သည်ကျောင်းသားများအတွက် အလွန်အသုံးဝင်၍ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေ နေရသည်။
ဆရာဦးချစ်သိန်းဦးသည် စာအသင်အပြကောင်းသည့်အပြင် ရယ်စရာ၊ မောစရာလေးများလည်း ပြောတတ်၍ တပည့်တပန်းများနှင့် သူငယ်ချင်း အပေါင်းအသင်းများ၏ ချစ်ခင်သူတစ်ဦးလည်းဖြစ်သည်။
ဦးချစ်သိန်းဦးကို အဖ ဦးတင်ဦး၊ အမိ ဒေါ်ကြည်တို့က ၁၉၃၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် မုံရွာမြို့၌ မွေးဖွားခဲ့သည်။
မွေးချင်းမောင်နှမနှစ်ယောက်ရှိသည်။
ဒေါ်ခင်ဝင်းမြင့်(ခေါ်)ဒေါ်ဖြူနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ကိုးယောက်နှင့် မြေး ၁၂ ယောက်ကျန်ရစ်သည်။
ဆရာကြီးဦးချစ်သိန်းဦးသည် ဧပြီလ ၆ ရက်နေ့က ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment