ဦးချစ်သိန်းဦး ကွယ်လွန်
စိုင်းဇွမ်ဆိုင်း | အင်္ဂါနေ့၊ ဧပြီလ ၀၆
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာတိုင်းမ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဦးချစ်သိန်းဦး အသက် ၇၈ နှစ်သည် ယနေနံနက်က ဂျာနယ်တိုက်ရှိ သူ၏ အိပ်ခန်းအတွင်း ကွယ်လွန်သွားသည်။
CTO ဟူသည့် ကလောင်ဖြင့် အင်္ဂလိပ်စာလေ့လာသူ ကျောင်းသားများအတွက် စာအုပ်များ ရေးသားပြုစုခဲ့သူ ဦးချစ်သိန်းဦးသည် အပတ်စဉ်ထုတ် မြန်မာတိုင်းမ်၏ အင်္ဂလိပ်ပိုင်းနှင့် နိုင်ငံတကာ သတင်းများအတွက် တာဝန်ယူရသူ အတိုင်ပင်ခံအယ်ဒီတာ ဖြစ်သည်။
“ဆရာကြီးက အရင်ကတည်းက အောက်ဆီဂျင် ရှူနေရတယ်။ အခုလည်း သာမန်အတိုင်းပဲ ညအိပ်နေတုန်း နှလုံးနဲ့ အသက်ရှူရပ်ပြီး ဆုံးသွားတဲ့ သဘောပါ။ ဒီမနက် အိပ်ယာက မနိုးလို့ ရုံးဝန်ထမ်းတယောက်က သွားနှိုးတော့မှ သိရတာပါ” ဟု မြန်မာတိုင်းမ် ဝန်ထမ်းတဦးက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။
ဦးချစ်သိန်းဦးကို မုံရွာမြို့တွင် အဖ ဦးတင်ဦး၊ အမိ ဒေါ်ကြည်တို့မှ ၁၉၃၈ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် ဥပစာတန်း အောင်မြင်ခဲ့သည်။ ထို့နောက် စိန်ဂျွန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် မြန်မာစာဆရာ၊ အင်္ဂလိပ်စာဆရာအဖြစ် အလုပ်လုပ်ခဲ့သည်။
၁၉၆ဝ ခုနှစ်တွင် Guardian သတင်းစာတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ် အပြီးတွင် Working People's Daily သတင်းစာတွင် ဒုတိယ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဘာသာပြန်ခြင်း အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှ သစ္စာဖောက် ပုဆိန်ရိုးများနှင့် ပြည်ပဓားရိုးကမ်းသူတို့ အရှုပ်တော်ပုံစာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည့်အပေါ်တွင်လည်း အစိုးရက အထူးတလှယ် ချီးကျူးထားသည်။ ၁၉၉၂ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် အင်္ဂလိပ်စာ ကျူရှင်ဆရာနှင့် ဘာသာပြန်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
၂ဝဝဝ ပြည့်နှစ်တွင် မြန်မာတိုင်းမ်၌ စတင်တာဝန်ထမ်းဆောင်သည်။ သတင်းထောက်များကို သတင်းစာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများကို ဦးစီးခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် မြန်မာတိုင်းမ်မှ ဖွင့်လှစ်သော ဘာသာပြန်သင်တန်းတွင် သင်ကြားခဲ့သည်။
ကွယ်လွန်ချိန်တွင် သားသမီး ၈ ဦး ကျန်ရစ်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment