စိုးသန်းလင်း
မြန်မာတိုင်းမ် အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)
အလယ်တန်းအထိ - စာသင်ဖူးသော အသက် ၃၀ မှ ၆၀ ကြား မြန်မာ နိုင်ငံ သားတိုင်းသာမက လူငယ်မျိုးဆက်သစ်တို့ အကြားမှာပင် ဩဇာ ကြီးမားဆဲ ဖြစ်သော English for Self-Study စာအုပ်အား ပြုစုခဲ့သူ ဆရာ စီတီအို (CTO - ဆရာ ချစ်သိန်းဦး) သည် မြန်မာတိုင်း(မ်) ဂျာနယ်၏ Contributing Editor အဖြစ်လည်းကောင်း၊ သတင်းစာပညာ၊ ဘာသာပြန်ပညာတို့ကို လက်ဆင့်ကမ်းဝေမျှလျက်ရှိသူ အဖြစ် လည်းကောင်း၊ နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်ရင်း ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက် နံနက် ၉ နာရီခွဲတွင် မြန်မာတိုင်း(မ်)ဂျာနယ်ရှိ ၎င်း၏အလုပ်ခန်း၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်၊ ဘူတာလမ်း၌ အဖ ဦးတင်ဦး၊ အမိ ဒေါ်ကြည်တို့မှ ၁၉၃၂၊ ဧပြီ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ငယ်နာမည် 'တက်တူ'၊ ကျောင်းနာမည် မောင်ချစ်သိန်းမှ ကလောင်အမည် 'ချစ်သိန်းဦး' ဟူသော သတင်းစာဆရာအဖြစ်သို့ ရောက်ရှိခဲ့သည့်ဆရာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဇာတ်ခုံ၌ ဘ၀အဖုံဖုံ ကျင်လည်ခဲ့ဖူးသူလည်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘ၀၌ အလံနီ ကွန်မြူနစ်များထံသို့ ထင်တစ်လုံး ဖြင့် သွားရောက်ခဲ့အပြီး အသွင်မတူ သောကြောင့် မြေပေါ်သို့ ပြန်ရောက်ခဲ့ကာ ရန်ကုန်တက္ကသိုလ်၌ မြန်မာစာ ဆရာ၊ ထိုမှ အင်္ဂလိပ်စာ ဆရာအဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။
အဆိုပါ အတွေ့အကြုံများကပင် သူ့အား ဂါဒီယန် သတင်းစာ အယ်ဒီတာဘ၀သို့ တွန်းပို့ခဲ့သည်ဟု ဆရာရှိစဉ်က ပြောပြဖူးသည်။
"ဆရာချစ်ကို ဂါဒီယန်သတင်းစာ အယ်ဒီတာဘ၀မှာ ရင်းရင်းနှီးနှီးပေါင်း ခဲ့ဖူးတယ်။ သူ့အင်္ဂလိပ်စာက အဆင့်မြင့်တယ်။ ကောင်း တယ်။ သတင်းစာ သမားအချင်းချင်းတောင် သူ့ရေးဟန်ကို အတုခိုးကြရ၊ စောင့်ဖတ်ကြရတယ်။ ကျောင်းသင်ခန်းစာကိုပါ စောင့် ဖတ်ကြရတဲ့အထိ သူ့အင်္ဂလိပ်သဒ္ဒါက ကောင်းတယ်။ လူမှုဆက်ဆံရေးမှာလည်း ထူးခြားတယ်။ လူတိုင်းနဲ့ တည့်တယ်။ အမြဲ ပျော်ပျော်ရွှင်ရွှင်နေတယ်။ လောကကြီးကို ဟားတိုက်ပြီး နေနိုင်တဲ့သူပါပဲ"ဟု သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သော သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသက အမှတ်တရ ပြောသည်။
ဘ၀စုံခဲ့သူလည်းဖြစ်၊ သတင်းစာ ဆရာလည်းဖြစ်သောကြောင့် သူ့တွင် မတူခြားနားလှသော မိတ်ဆွေအမျိုးမျိုး တို့ရှိသည်။ ကဗျာဆရာများ ရှိသည်။
တစ်ပြိုင်တည်းမှာပင် တိုက်ခိုက်ရေး စွမ်းရည်ပြည့် တပ်မတော်အရာရှိကြီးများ ရှိသည်။ အလံနီများနှင့် ကွန်မြူနစ် များရှိသလို ဆိုရှယ်လစ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အရင်းရှင်ကြီး များလည်း ရှိသည်။
မိဘတို့က ခရစ်ယာန်ဘာသာဝင်များ ဖြစ်၍ ခရစ်ယာန်ဘာသာသို့ သူ ၀င်ခဲ့ဖူးသည်။
သို့ရာတွင် ဘာသာရေးအစွဲ အလမ်းမထားဘဲ အစိုးရ၀န်ထမ်းဘ၀၌ ကိုးကွယ်သည့်ဘာသာနေရာတွင် ဘာသာမဲ့ဟုပင် ဖြည့်စွက်ခဲ့ ဖူးသည်ဟု မြန်မာတိုင်း(မ်)ဂျာနယ်တိုက် သူ့အလုပ်ခန်း၌ ဆရာက ပြောဖူးသည်။
မည်သည့်ဘာသာကိုမျှ ယုံမှတ်စွာ ကိုးကွယ်မှုမပြုသော်လည်း ဘာသာကြီးများနှင့် ပတ်သက်ပြီး ဘာသာရေးသမားများထက်ပင် ကျွမ်းဝင်နှံ့စပ်သူ ဖြစ်သည်။
မင်္ဂလသုတ်ကို အထစ်အငေါ့မရှိ ရွတ်ပြတတ်သလို ဓမ္မသစ်ကျမ်းလာ အဆုံးအမများကိုလည်း ရွတ်ပြလေ့ရှိသည်။ ကဗျာနှင့် ဂီတကို ချစ်မြတ်နိုးသူ ဖြစ်ရာ သူ့အလုပ်ခန်း၌ ပတ္တလားတစ်ခုကို ထား၍ပင် အလုပ်နားချိန်တို့တွင် မြန်မာသီချင်း ကြီးအချို့ ဆိုတီး၊ တီးလေ့ ရှိသည်။
ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာ၊ ကျူရိုးရှင် ကဗျာများအပါအ၀င် မြန်မာစာ အဆီအနှစ်များရွတ်ဆိုပြလေ့ရှိသည်။
ဝန်ထမ်းများထဲမှ စိတ်ဝင်စားသူတို့အား လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာစွမ်းရည်၊ ဘာသာပြန် စွမ်းရည် အတွက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဆိုင်ရာ အနှစ်သာရများသင်ကြားပေးခြင်း၊ သတင်းစာ လောက၏ ကိုယ်တွေ့များ၊ ကျင့်ဝတ်များကို ဝေမျှခြင်း၊ အိမ်က ပို့ထားသမျှ၊ သား၊ သမီးတို့က လိုလေသေး မရှိ ပို့လာသမျှ မုန့်မျိုးစုံတို့ကို လုပ်ဖော်ကိုင်ဖက်များ၊ တပည့်တပန်းများအား နှမြော တွန့်တိုခြင်းမရှိဘဲ ထုတ်ကျွေးတတ်ခြင်း တို့ကြောင့် ဆရာ့နားနေချိန်များမှာပင် ဆရာ့ အခန်း၌ အမြဲစည်ကားလျက်ရှိသည်။
ထို့ပြင် မြန်မာတိုင်း(မ်)စာစောင်၏ ဘာသာ ပြန်သင်တန်းနှင့် သတင်းစာသင်တန်းတို့အတွက် လည်း အားထားရဆုံးသော နှစ်ဘာသာ ကျွမ်းကျင်သည့် သတင်းစာဆရာကြီးဖြစ်လေရာ ပြင်ပမှလာရောက်သင်ယူကြသောဘာသာ ပြန်စာရေးဆရာ၊ အယ်ဒီတာ လောင်းလျာ တို့ သည်လည်း ရာဂဏန်းမက ရှိလေပြီ။ အချို့ဆိုလျှင် သတင်းထောက်ကောင်းများ၊ အယ်ဒီတာ ကောင်းများပင် ဖြစ်နေကြပြီ။
၈၈ အရေးအခင်းပြီးသည့်အခါရှိနှင့်ပြီး နိုင်ငံပိုင်သတင်းစာတိုက် ခြောက်တိုက်တို့ တူရာတူရာ စုပေါင်းလိုက်ချိန်တွင် The Working People’s Daily သို့ ဆရာ ဒုတိယအယ်ဒီတာချုပ်အဖြစ်သို့ ရောက်လာခဲ့စဉ်မှစ၍ သူ့အရည်အသွေးကို၊ သူ့စိတ်စေတနာကို ကျွန် တော်တို့ ချစ်ခင်လေးစားခဲ့ကြရသည်။
၁၉၉၀ ပြည့်လွန်နှစ်များ၌ သတင်းစာသမား အများစုတို့ ပြင်ပစာနယ်ဇင်းလောကသို့ ခြေချလာချိန်တွင် ဆရာသည် ဟိုတုန်းကလိုပင် သတင်းစာပညာနှင့် ဘာသာပြန်အရည်အသွေးများကို ဖက်တွယ်ထားဆဲ၊ ဖြန့်ဖြူးနေဆဲ၊ ချစ်မြတ်နိုးဆဲဖြစ်သည်။
ထို့အတူ အရက်ကိုလည်း ဆက်ချစ်နေဆဲဖြစ်ကြောင်းတွေ့ရ၍ ကျန်းမာရေးအတွက်လျှော့ပါဦးဟု ရင်းနှီးစွာတိုက်တွန်းသည့်အခါ "ဆရာဝန်ကပြောထားတယ်၊ ကိုယ်သောက်တဲ့နှုန်းအတိုင်းဆိုရင် ၆၀ ပြည့် အောင် မနေရဘူးတဲ့၊ အခု ကိုယ် ၆၄ နှစ် ရှိသွားပြီ ဆိုတော့ လေးနှစ်တောင် အမြတ်ထွက်နေသေးတယ်။ ဒီဘက်နှစ်တွေမှာ နေရသမျှ အမြတ်ချည်းပဲဗျ"ဟု ပြန်ပြောလေ့ရှိသည်။
သတင်းသမားတို့အတွက် ကမ္ဘာကြီးက ပိုပြီး လုံးဝန်းသည်၊ ရွာငယ်လေးမျှသာ ဖြစ်သည်မို့ ၂၀၀၀ ပြည့်နှစ်၌ ဆရာနှင့် မြန်မာတိုင်း(မ်) ဂျာနယ်တွင် လုပ်ဖော်ကိုင်ဖက်အဖြစ်ရော၊ ဆရာတပည့်အဖြစ်ပါ ပြန်ဆုံခွင့်ရတော့လည်း ဆရာ့ထံမှ ဆည်းပူး၍ မဆုံးနိုင်သော အတွေ့ အကြုံများစွာကို နေ့စဉ်ရလျက်ရှိသည်။
မိမိထက်များစွာပျိုမျစ်သော စာနယ်ဇင်းမျိုးဆက်သစ်များအတွက် ဆရာသည် သုံးမကုန်နိုင်သော ပညာရတနာသိုက်ကြီးနှယ် ရှိခြိမ့်မည်။
သူတတ်ကျွမ်းသမျှကို စေတနာအပြည့်ဖြင့် နည်းအမျိုးမျိုးဖြင့် နောက်ဆုံး ထွက်သက်အထိ ဝေမျှသွားခဲ့သော ဆရာ့အား စာနယ်ဇင်း လောကအတွက် အစားထိုးမရသောပညာရှင် တစ်ယောက်အဖြစ် မော်ကွန်းထိုးအပ်ပါသည်။
A Beginner's Guide to Casino and Sports Betting in Las Vegas
ReplyDeleteThe 포항 출장안마 Las Vegas Raiders 광양 출장샵 are considered to be the franchise 양산 출장샵 favorite in the country and they are known 울산광역 출장마사지 for their hard-working 울산광역 출장샵 and reliable staff.